ကံမမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကံမ ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၁၃၈၅-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို သင်္ကြန်အကြိုနေ့ ယမန်နေ့ ညနေ (၅)နာရီက မြို့နယ်အားကစားကွင်းရှေ့ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက နှစ်သစ်အကြို နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက်သင်္ကြန်ယိမ်းအဖွဲ့များက “မြူမှောင်ဝေကင်း”တေးသီချင်းဖြင့် ကပြဖျော်ဖြေ၍ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို စတင်ခဲ့ပြီး အမွှေးနံ့သာ အတာရေများဖြင့် ပက်ဖျန်းခဲ့ကြသည်။ ဗဟိုရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့မှ ကြီးမှူးပြီး သင်္ကြန်နှစ်သစ်ကူးကာလဖြစ်သော ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ ယိမ်းအကအဖွဲ့များအပြင် အဆိုအက တေးဂီတအဖွဲ့များဖြင့် နေ့စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)