စလင်း ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ (၁၃၈၅) ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၄) နာရီ ၄၅ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ရဲမှူးအောင်သူ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိန်လင်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မင်္ဂလာအချိန်ကျရောက်သည့် ညနေ ၄ နာရီ ၄၅ အချိန်တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်း ယိမ်းသမကလေးများက မြူမှောင်ဝေကင်းတေးသီချင်းဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြသည်။ ဆက်လက်၍ အကအလှများဖြင့် ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့သည့် ယိမ်းအဖွဲ့များကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်သူက ဆုတော်ငွေများ ချီးမြှင့်ခဲ့ပြီးနောက် ဖျော်ဖြေရေး အစီအစဉ်များဖြင့် မဟာသင်္ကြန်အကြိုနေ့မှ မဟာသင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ၍ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
(မောင်လွင်)စလင်း