လှိုင်းဘွဲမြို့၌ မြန်မာရိုးရာနှစ်သစ်ကူး မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ ဧပြီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ် (ဃ)ရပ်ကွက်၊ကုန်သည်လမ်း၌ မြန်မာရိုးရာနှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃) နာရီအချိန်က စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်း၊တပ်ဖွဲ့မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ လှိုင်းဘွဲမြို့သူ၊ မြို့သားများက စုပေါင်းကျင်းပခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ၊ စစ်ဗျူဟာမှူးဗိုလ်မှူးကြီး စိုးမင်းအောင်တို့က မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မဟာအတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ၊ စစ်ဗျူဟာမှူး၊ အမှတ် (၃၃၉) ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနေသူအောင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊    မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်း၊ အမှတ် (၁၀၁၅)နယ်ခြားစောင့်တပ်မှဗိုလ်မှူး စောဝင်းလှိုင်စိန်၊ ဗဟိုအကြံပေးနှင့်နယ်ခြားစောင့်တပ်များ ကွပ်ကဲရေးအဖွဲ့ တပ်နယ် (၂) မှ ဦးစောဖားလှတို့က မဟာအတာသင်္ကြန် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များနှင့်ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များ၏ ယိမ်းအကအဖွဲ့များနှင့်    မြို့ပေါ်ရပ်ကွက်များမှ တေးဂီတဝါသနာရှင်များက မဟာအတာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွင်စွာဖြင့် ပြသီဆိုဖျော်ဖြေပေးသွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

စောဒိ (ပြန်/ဆက်)