မော်လမြိုင်ကျွန်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့် ထုံတမ်းစဥ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ (၄) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာဗန္ဓုလလမ်း (၁၃)လမ်းမကြီးထိပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူး ဦးမိုးစိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်မှ နှစ်သစ်ကူးနှုတ်ခွန်ဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်/ ကျေးရွာများမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး၊ တေးသံရှင်များမှ မြန်မာ့ရိုးရာသင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရှိရသည်။
ရဲကိုမောင် (ပြန်/ဆက်)