သဲကုန်းမြို့နယ်၌ မဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

သဲကုန်း ဧပြီ ၁၄

(၁၃၈၅) ခုနှစ် မြန်မာရိုးရာယဥ်ကျေးမှု နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာနိုင်ငံတဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင်  မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် အဆိုပါမဏ္ဍပ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲတွင် သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး သဲကုန်းမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဏပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးစံ​ရွှေမြင့်၊ အဖွဲ့(၂) ဦးဟံအေး၊ အဖွဲ့ဝင်(၃) ဦးစိုင်းဝင်းသိန်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်အေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များမှ သင်္ကြန်ယိမ်းအကအဖွဲ့များအား မြန်မာ့ရိုးရာ အစဉ်အလာနှင့်အညီ အမွှေးနံ့သာ သပြေခက်ဖြင့် ရေပက်ဖျန်းပေး၍ အတာသင်္ကြန်အားကြိုဆိုပြီး “မန်းတောင်ရိပ်ခို”သီချင်းသီဆို၍ ရေကစားမဏ္ဏပ်အား ဖွင့်လှစ်ပေးခဲ့သည်။

သဲကုန်းမြို့နယ်၏ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ပျော်ရွှင်စွာရေကစားခြင်း၊ သဲကုန်းမြို့နယ်အတွင်းရှိ ဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ သင်္ကြန်ယိမ်းအကအဖွဲ့များက အကအလှများဖြင့် ကပြ​ဖျော်​ဖြေခြင်း၊ စတုဒီသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုကျော် (ပြန်/ဆက်)