မော်လမြိုင်ကျွန်း နိုဝင်ဘာ ၆
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ တွေ့ဆုံ၍ မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကျင်းပသည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေက မြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေနှင့် မဲဆွယ်စည်းရုံးမှုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သောညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ ကြိုတင်မဲပေးနေမှု များတွင်လည်း ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ ပါဝင်ကြည့်ရှုဆောင်ရွက်နေကြသည့် အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားလိုသည်များ တိုင်ကြားမှုများ ရှိပါကလည်း မြို့နယ်စေ့စပ်ညှိနှိုင်းရေး ကော်မတီအနေနှင့် ကြားနာမှတ်တမ်းတင်ထားမည် ဖြစ်ပါကြောင်းဆွေးနွေး ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးမိုးနိုင်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ တင်ပြထားသည့် စာပါအကြောင်းအရာများကို ပြောကြားသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည့် ကိစ္စရပ်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြား၍ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)