ကြံခင်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ အိမ်တော်ရာလမ်းနှင့် မဟာဗန္ဓုလလမ်းထိပ်ရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို "မြူမှောင်ဝေကင်း"သီချင်းနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၁၃၈၅ ခုနှစ်၊ မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာထုံတမ်းအစဉ်အလာနှင့်အညီ ကျင်းပမှာဖြစ်ပြီး နှစ်ဟောင်းမှ အညစ်အကြေးများဆေးကြော၍ နှစ်သစ်ကူးပြောင်းချိန်တွင် ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ ရေသဘင်ပွဲပါဝင်ဆင်နွှဲကြရန်နှင့် မြန်မာ့ရိုးရာသင်္ကြန်အနှစ်သာရ မပျောက်ပျက်စေရန် ထိန်းသိမ်းကြရမှာဖြစ်သကဲ့သို့ ခေတ်နှင့်လျော်ညီစွာ ပျော်ရွှင်အေးချမ်းစွာ ရေကစားကြရန်၊ ယခုနှစ်တွင် ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ တေးဂီတဖျော်ဖြေရေးအစီအစဉ်များနှင့် စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ ယိမ်းအကပျိုဖြူများ၏ အကများ၊ အဆိုများဖြင့် သီဆိုဖျော်ဖြေကြသည်။
မဏ္ဍပ်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ တေးဂီတအဆို၊ အကများအား ကြည့်ရှုအားပေးပြီးနောက် အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြကြောင်းနှင့် လမ်းလျှောက်ရေသဘင်ပွဲကို ပျော်ရွှင်စွာဖြင့် စုပေါင်းဆင်နွှဲကြကာ စတုဒိသာမုန့်လက်ဆောင်များဖြင့် ကျွေးမွေးဧည့်ခံကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)