အင်္ဂပူ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၄ နာရီခွဲအချိန်က အမှတ် (၁)ရပ်ကွက်၊ ကန်သာယာလမ်းရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာအင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု၏ အနှစ်သာရများ မပျောက်စေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။ ယင်းနောက်မန်းတောင်ရိပ်ခိုသီချင်းဖြင့် ယိမ်းအဖွဲ့များမှ ကပြဖျော်ဖြေ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက နှစ်သစ်အကြို အောင်သပြေခက်နှင့် ပျက်ဖျန်းရေစင်သွန်းလောင်းခဲ့သည်။ ထို့နောက် ယိမ်းအဖွဲ့များက အလှည့်ကျဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့၊ ထူးကြီးမြို့၊ ကွင်းကောက်၊ ညောင်ကျိုးစသည်တို့မှ ယိမ်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)