မိုးညိုမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

မိုးညို ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၄ နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးရှိ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။       

ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် မိုးညိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းသန်းစိုး၊ အတွင်းရေးမှူး ရဲမှူးစိုးဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။         

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များက မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ သပြေခက်ဖြင့် မာလာရေစင်ပက်ဖျန်းပေးကာ အတာသင်္ကြန်အားကြိုဆို၍ “မြူမှောင်ဝေကင်း”သီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းသီဆိုကပြခဲ့ကြပြီး ယိမ်းအဖွဲ့ (၈)ဖွဲ့က အလှည့်ကျ ဆက်လက်ကပြ ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။   

၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ကို သင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ ယိမ်းအဖွဲ့ (၈)ဖွဲ့မှ ယိမ်းအကများဖြင့်‌ ဖျော်ဖြေခြင်း၊ တေးသီချင်းများသီဆို‌ဖျော်ဖြေခြင်း၊ ပျော်ရွှင်စွာရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)