ဆင်ပေါင်ဝဲမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဧပြီ ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၃)ရပ်ကွက် သင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက်သင်္ကြန်ယိမ်းအဖွဲ့များကတေးသီချင်းများဖြင့်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ယိမ်းအဖွဲ့များနှင့်ဧည့် ပရိတ်သတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြကာ မြို့နယ်တာဝန်ရှိသူများရေကစားမဏ္ဍပ်နှင့် ယိမ်းအဖွဲ့တို့အား ဆုငွေများပေးအပ်ခဲ့ကြသည်။

ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယမန်နေ့မှစ၍ မဟာသင်္ကြန်အတက်နေ့ (ဧပြီ ၁၆ ရက်)အထိ ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ပြီး သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များက နေ့စဥ် စတုဒိသာများကိုလည်း ဧည့်ခံကျွေးမွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)