ဒိုက်ဦး ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ရှိ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ယိမ်းအဖွဲ့ဝင်များ နေရာယူပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဒိုက်ဦးမြို့နယ် မြန်မာ့ရိုးမဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယိမ်းအဖွဲ့ဝင်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများအား သပြေခက်ဖြင့် ရေပက်ဖျန်းပေးကြပြီး နောက် အကြိုနေ့ ဒုတိယပိုင်း အစီအစဉ်အနေဖြင့် မြူမှောင်ဝေကင်းသီချင်းဖြင့် မင်းတဲရပ်ကွက် ရှုတိုင်းယဉ်ယိမ်းလှပျိုဖြူများ၊ ချမ်းပါတယ်သီချင်းဖြင့် အ.ထက(၁) သင်္ကြန်ပျိုမေများ၊ ယဉ်ကျေးတဲ့ပွဲသီချင်းဖြင့် စက်ကွင်းရပ်ကွက် ပိတောက်ရွှေဝါယိမ်းအဖွဲ့၊ တစ်နှစ်နွမ်းတစ်နှစ်ဆန်း သီချင်းဖြင့် ဖအောင်ဝဲရပ်ကွက် ရွှေပိတောက်ယိမ်းအဖွဲ့နှင့် သင်္ကြန်မိုးသီချင်းဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သမီးပျိုလေးများမှ ကပြဖျော်ဖြေ ပေးကြကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)