ငဖဲ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် ၁၃၈၅ ခုနှစ် သင်္ကြန်အကြိုနေ့ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲ အချိန်က ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့ ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို အမှတ်(၉၀၅)အမြှောက်စစ် ဆင်ရေးကွပ်ကဲမှုဌာနချုပ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးသန့်၊ ဒုတိယဗိုလ်မှူးကြီး နေလင်း၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးသက်နိုင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးက မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို မြတ်နိုးတန်ဖိုးထားထိန်းသိမ်းရန်၊ လူငယ်မောင်မယ်များအနေဖြင့် သရုပ်ပျက်ဝတ်စားဆင်ယင်ခြင်း၊ မူးယစ်သောက်စားခြင်း၊ တစ်ဦးနှင့်တစ်ဦးခိုက်ရန်ဖြစ်ပွားခြင်းမပြုလုပ်ကြဘဲ ယဉ်ကျေးသိမ်မွေ့ပြီး အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲ ဆင်နွှဲကြရန် အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော သင်္ကြန်ယိမ်းအဖွဲ့များ စုပေါင်း၍ “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်၍ ပဒါန်းတပ်နယ်ယိမ်းအဖွဲ့များနှင့် ပဒါန်းယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုကို တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး သပြေခက်ဖြင့် အတာရေပက်ဖျန်းခဲ့ကြကာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့ထိ အဆို၊ အကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် စတုဒီသာမုန့်များ ကျွေးမွေးဧည့်ခံခြင်းများပြုလုပ်ပြီး ပျော်ရွှင်စွာ ရေပက်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)