ဘိုကလေး ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ သင်္ကြန်အကြိုနေ့ ညနေ(၅)နာရီအချိန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အေးချမ်းခြင်းမြို့တော် ဗဟိုမဏ္ဍပ် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။
မဏ္ဍပ်ဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ယိမ်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရေကစားပြည်သူများ တက်ရောက်ကြပြီး ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုနှစ်သစ်အချိန်အခါမှ စတင်၍ ပြည်သူအားလုံး အေးချမ်းသာယာပျော်ရွှင်ကြရန်နှင့် ပြည်သူပြည်သားအားလုံးအပေါ်၌ ကျက်သရေမင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း နှစ်သစ်ဆုတောင်းစကားနှင့်အတူ သင်္ကြန် ဆော့ကစားသူများအနေဖြင့်လည်း မြန်မာ့ရိုးရာ ဓလေ့နှင့်ဆန့်ကျင်၍ ရိုင်းပြစွာဆော့ကစားခြင်းများ၊ အများပြည်သူစိတ်အနှောက်အယှက် ဖြစ်စေမည့် လုပ်ရပ်များအား ရှောင်ရှား ဆော့ကစား ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အေးချမ်းခြင်းမြို့တော်ဗဟိုမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ တို့က ယိမ်းသမများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဏ္ဍပ်ဖွင့်ပွဲ တက်ရောက်ကြသူများ အတာရေပက်ဖျန်းခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြန်မာ့ရိုးရယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား “မန်းတောင်ရိပ်ခို” သီချင်းဖြင့် သီဆိုဖျော်ဖြေကြိုဆိုခဲ့ပြီး ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယိမ်းအဖွဲ့များက တညီတညွတ်တည်း စုပေါင်းကပြ ဖျော်ဖြေခြင်း၊ ရပ်ကွက်အသီးသီးတို့မှ ယိမ်းအဖွဲ့များက ဖျော်ဖြေရေးအစီအစဉ်များဖြင့် အလှည့်ကျတင်ဆက်ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုနှစ်ကျရောက်သည့် (၁၃၈၅)ခုနှစ် ဘိုကလေး မြို့နယ်၏ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အေးချမ်းခြင်းမြို့တော်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)