လက်ပံတန်း၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ဖွင့်လှစ်

လက်ပံတန်း ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့၌ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်နေ့ ညနေ ၄ နာရီခွဲက လက်ပံတန်းမြို့ ၁ လမ်းအဝိုင်း ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က  မြို့နယ်အတွင်း၌ရှိသော ပြည်သူများအနေဖြင့် နှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည်စုံပြီးဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းစကားပြောကြား၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ယိမ်းပျိုဖြူများက "မန်းတောင်ရိပ်ခို" သီချင်းအားသီဆို၍ အကများဖြင့်ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ သင်္ကြန် ပွဲတော်တွင်ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ပြီး လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

လက်ပံတန်းမြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၇ ခုနှင့် အဆိုတော် များ၏အကများအပြင် တီးဝိုင်းဖြင့်တေးသီချင်းများကိုလည်း နေ့စဉ်တင်ဆက်ဖျော်ဖြေ သွားမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းထွန်း

မြို့နယ် (ပြန်/ဆက်)