လပွတ္တာ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် “လွမ်းလို့မပြေ ရွှေတာမြေ”ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် အမှတ် (၅)ရပ်ကွက်၊ လမ်းမတော်လမ်းရှိ အဆိုပါမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာတပ်ဖွဲ့မှ “မြန်မာ့ရိုးရာ”သင်္ကြန်သီချင်းများဖြင့် တီးမှုတ်ဖျော်ဖြေ တင်ဆက်သရုပ်ပြခဲ့သည်။ ယင်းနောက် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက မြန်မာ့နှစ်သစ်ကူးအကြို သင်္ကြန်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ဟန်ဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့် မြို့မိမြို့ဖများက “လွမ်းလို့မပြေ ရွှေတာမြေ”ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ယိမ်းအကအဖွဲ့များက “မန်းတောင်ရိပ်ခို”သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များက အတာရေပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
“လွမ်းလို့မပြေ ရွှေတာမြေ”ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အကျနေ့နှင့် အကြတ်နေ့များ၌ အဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီး မဟာသင်္ကြန်အတက်နေ့တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲ၊ ဆုပေးပွဲနှင့် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မူမူ(ပြန်/ဆက်)