ဒေးဒရဲ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီက အမှတ်(၁)ရပ်ကွက် ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းဆုံရှိ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်ကမြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာအင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရများ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်းစောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ထုံးတမ်းများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း အဖွင့်နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အတွင်းရေးမှူး ရဲမှူး သက်နိုင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား နှစ်သစ်အကြို အောင်သပြေခက်ဖြင့် ရေစင်သွန်းလောင်းခဲ့သည်။ ထို့နောက် ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျဖျော်ဖြေ၍ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အေဇာလင်း