ဝေါ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ ၁၃၈၆ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ဝေါမြို့၊ ချမ်းမြသာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေး မြို့မခန်းမရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကိုက နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုကို၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဝင်းလှိုင်၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီအရာရှိ ဦးအေးလွင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မိုးလွင်နှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်ဖြိုးနွေးဦးတို့က ဝေါမြို့ ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ယိမ်းအက အဖွဲ့များအား အတာသင်္ကြန်ရေဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် စုပေါင်း၍ ကပြဖျော်ဖြေခဲ့ကြသည်။
ဝေါမြို့နယ်တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က ဦးဆောင်ကာ ဌာနဆိုင်ရာများ၊ မြို့မိ/မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သဘင်၊ ဂီတအစည်းအရုံးမှ တာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းကာ ယိမ်းပြိုင်ပွဲများ၊ ဖျော်ဖြေရေးများ၊ စတုဒီသာကျွေးမွေးပွဲများ၊ အန္တရာယ်ကင်းပရိတ်ရွတ် ဖတ်ပူဇော်ပွဲနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြတ်လင်း(ပြန်/ဆက်)