တောင်ငူ ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ယမန်နေ့ညနေ ၅ နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးက နှစ်သစ်မင်္ဂလာအဖွင့်မိန့်ခွန်းပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဦးယဥ်ဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ ဦးကျော်ဝင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ယိမ်းအကအဖွဲ့များမှ" မြူမှောင်ဝေကင်း"သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
တောင်ငူမြို့၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် သင်္ကြန်တေးသီချင်းများ၊ DJ စတိတ်ရှိုးအစီအစဥ်များဖြင့် သင်္ကြန်ကာလအတွင်း နေ့စဥ် နံနက် ၉ နာရီအချိန်မှ ၁၁ နာရီအထိနှင့် ညနေ ၄ နာရီအချိန်မှ ၆ နာရီအထိ သီဆိုဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်ရေကစားကြသော ပြည်သူများအား ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ပူးပေါင်း၍ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် သင်္ကြန်အကြိုနေ့မှ စတင်ကာ နေ့စဥ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ကိုကို(တောင်ငူ)