ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၁၃၈၅ ခုနှစ်၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းနားသို့တက်ရောက်

ဟားခါး ဧပြီ ၁၄

၁၃၈၅ ခုနှစ်၊ ချင်းပြည်နယ်မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ဟားခါးတပ်နယ် အားကစားကွင်း၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင် ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို ၊ စစ်ဗျူဟာ (အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးဝင်းထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။         

ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က မြန်မာလူမျိုးတို့သည် နှစ်သစ်ကူးပွဲတော်ကာလတွင်  နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးက တစ်ဦးကို သိမ်မွေ့ညင်သာစွာ ရေစင်သွန်းလောင်း ပတ်ဖျန်းလျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည့် မဟာသင်္ကြန် အခါသမယတွင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ပျော်ရွှင်စွာ ရေစင်သွန်းလောင်းခြင်းနှင့်အတူ သတ္တဝါများကို ဘေးမဲ့လွတ်ပေးခြင်း၊ အလှူဒါနပြုခြင်း၊ ရဟန်း ရှင်ပြုခြင်း၊ သက်ကြီးဝါကြီးများအား အမွှေးနံ့သာရည် တရော်ကင်ပွန်းတို့နှင့် ခေါင်းလျှော်ပေးခြင်းနှင့် ကန်တော့ခြင်းစသည့် ကောင်းမှုကုသိုလ်များကို စေတနာသဒ္ဒါတရားထက်သန်စွာ ပြုလုပ်လေ့ရှိ ကြောင်း၊ မြန်မာတို့၏ မဟာသင်္ကြန်ပွဲတော် ရိုးရာဓလေ့ထုံးစံများမှာ အလွန်လေးစားဖွယ်ကောင်း သည့် ဓလေ့ထုံးစံဖြစ်သည့်အလျောက် တိမ်ကောပပျောက်မှု မရှိစေဖို့ ထိန်းသိမ်းလာခဲ့ပါကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် မြန်မာနိုင်ငံ၌သာ အခုလိုယဉ်ကျေး သိမ်မွေ့ပြီး ကောင်းမှု ကုသိုလ်များဖြင့် ပြည့်ဝနေသည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ထူးခြားမွန်မြတ်စွာ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ ဒီလိုမြင့်မြတ်ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ စိတ်နေသဘောထားကို ထင်ဟပ်နေသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ရဲ့ အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ပိုမိုလေးနက် တည်တံ့စေရေး အတွက် ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်းသွားရန်မှာ တိုင်းရင်းသားမြန်မာလူမျိုးအားလုံးတို့၏ တာဝန်ဖြစ်ကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်သူကြီးချုပ် ဦးနေစိုး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းတို့က ချင်းပြည်နယ် မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား သင်္ကြန်မိုးသီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းသီဆိုကပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ယိမ်းအက အဖွဲ့များနှင့် ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ပြည်နယ်အစိုးရအဖွဲ့ဗဟိုမဏ္ဍပ်၌  ယိမ်းအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)