ဟင်္သာတခရိုင်၌ ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ 

ဟင်္သာတ ဧပြီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က ဟင်္သာတမြို့ အာဇာနည်ပန်းခြံရှေ့ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟင်္သာတခရိုင် မဟာသင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ဟင်္သာတခရိုင် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က နှစ်သစ်အကြို မင်္ဂလာဆုတောင်းစကားပြောကြားပြီး ဟင်္သာတခရိုင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုရဲမှူးကြီး ကျော်မြသန်း၊ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့မိမြို့ဖ ဦးမြင့်သိန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။    

ဖွင့်ပွဲအခမ်းအနားတွင် “မြနန္ဒာ”သီချင်းဖြင့် သင်္ကြန်ယိမ်းအက လှပျိုဖြူများက ယိမ်းအကဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အောင်သပြေနှင့် အတာရေ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။

ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့အထိ နံနက် ၆ နာရီမှ နေ့လယ် ၁၂ နာရီအထိလည်းကောင်း၊ ညနေ ၁၂ နာရီမှ ညနေ ၆ နာရီအထိ  စတိတ်ရှိုး တီးဝိုင်း၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး စတုဒိသာဧည့်ခံကျွေးမွေးခြင်းနှင့် ရေဆော့ကစားရန်လည်း စီစဥ်ထားရှိကြောင်း သိရသည်။

ကိုဇော်(ဟင်္သာတ)