ရေကြည် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀)နှင့်အထက် သက်ကြီး ရွယ်အိုများနှင့်နာမကျန်းသူများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင်ဆန္ဒမဲ လာရောက် မပေးနိုင်သူများထံသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်တို့က အိမ်တိုင်ရာရောက်သွားရောက် ကာ လွယ်လင့်တကူကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဆန္ဒမဲများလိုက်လံကောက်ယူခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲများ ကောက်ယူရာတွင်ပေါက်ကြားမှုမရှိစေရေး၊ လုံခြုံမှုရှိစေရေးအတွက် လျှို့ဝှက် မဲပေးခြင်း ချိတ်ပိတ်ထားသည့် မဲပေးပုံများဖြင့် ကြိုတင်မဲပေးရန် ရွေ့လျားပြုလုပ်ခဲ့ကြပြီး ပါတီအသီးသီးမှ မဲရုံကိုယ်စား လှယ်များက လိုက်လံကြည့်ရှုခဲ့ကြသည်။
ရေကြည်မြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၂၃၃၈၂) ဦးခန့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။
အောင်သူဟန်(ပြန်/ဆက်)