မော်လိုက် ဧပြီ ၁၄
မော်လိုက်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီအချိန်က ဗိုလ်ချူပ်ကျောက်တိုင်ရှေ့ ဗဟိုမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မော်လိုက်မြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်ပြီး ဖွင့်ပွဲအခမ်းအနားတွင် “မြူမှောင်ဝေကင်း” သီချင်းဖြင့် ယိမ်းအကအဖွဲ့များက ပြိုင်တူကပြဖျော်ဖြေခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယိမ်းအဖွဲ့ဝင်များ၊ တက်ရောက်လာကြသော ဧည့်သည်တော်များအား သပြေခက်နှင့် အမွှေးနံ့သာရေများ ပက်ဖျန်းပြီး မဟာသင်္ကြန်ပွဲတော်အကြိုနေ့အား ဖျော်ဖြေရေးအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ရေပက်ကစားခဲ့ကြသည်။
အဆိုပါ ဗဟိုဏ္ဍပ်တွင် အတာသင်္ကြန်ကာလအတွင်း ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်ယိမ်းအဖွဲ့များမှ ယိမ်းအဖွဲ့ (၇)ဖွဲ့တို့က သင်္ကြန်တေးသီချင်းများဖြင့် ကပြယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဖျော်ဖြေရေးအဖွဲ့များကလည်း ခေတ်ပေါ်တေးဂီတဖျော်ဖြေရေးနှင့် မြန်မာ့အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူနှင့် ရေကစားကြသူများကို အဆိုပါ မဏ္ဍပ်ရှေ့တွင် ဌာနဆိုင်ရာများမှ စတုဒိသာကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)