ဖျာပုံ ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်၏ အနှစ်သာရနှင့် ထုံးတမ်းစဥ်လာကို လေးစားတန်ဖိုးထားတတ်စေရန်အတွက် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ယမန်နေ့ ညနေ(၄)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမရှေ့ ပြည်သူ့ပန်းခြံရှေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအေးကြိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ခရိုင်ဒုတိယရဲမှူးကြီး ခင်မောင်လေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး၊ တေးသံရှင်များမှ မြန်မာ့ရိုးရာသင်္ကြန်တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကာ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်