မြန်အောင်ခရိုင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ ၃၀ အချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့ မြန်မာ့ရိုးရာ နှစ်သစ်ကူးဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က နှစ်သစ်အကြို မင်္ဂလာဆုတောင်း စကားပြောကြားပြီး မြန်အောင်ခရိုင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦး​မျိုး​လှိုင်​၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး အောင်စိုး ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ ခရိုင်လဝကဦးစီးမှူး ဦးတင်မြိုင်၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မင်းမင်းစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြ သည်။   

မြန်အောင်ခရိုင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် "မြူမှောင်ဝေကင်း" သီချင်းဖြင့် သင်္ကြန်ယိမ်းအက လှပျိုဖြူများက ယိမ်းအကဖြင့်ဖျော်ဖြေတင်ဆက် ကြရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက အောင်သပြေနှင့် အတာရေပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့၊ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်တွင် သင်္ကြန် အတက်နေ့အထိ နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ၊ ညနေ ၄ နာရီမှ ညနေ ၇ နာရီ အထိ စတိတ်ရှိုး တီးဝိုင်း၊ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး စတုဒိသာ ဧည့်ခံကျွေးမွေးခြင်းနှင့် ရေဆော့ကစားရန်လည်း စီစဥ်ထားရှိကြောင်း သိရသည်။

ဝင်း​ဗိုလ် (ပြန်/ဆက်)