ပခုက္ကူ ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း၍ စတုဒိသာအဖြစ် မြန်မာ့ရိုးရာအစားအစာနှင့် အခြားစားသောက်ဖွယ်ရာများ ကျွေးမွေး လှူဒါန်းရာ လာရောက်စားသုံးကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိ ကြောင်း သိရသည်။
ပခုက္ကူမြို့၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်ထည့်သွင်းကျင်းပနိုင်ခြင်း မရှိ သော်လည်း ဌာနဆိုင်ရာများစုပေါင်း၍ စတုဒိသာမဏ္ဍပ်ဆောက်လုပ်ကာ မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့ ယမန်နေ့ နံနက်ပိုင်းတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းအဖွဲ့က မြန်မာ့ရိုးရာအစားအစာများနှင့် အခြားသောစားသောက်ဖွယ်ရာများကို မြို့တွင်းရေပက်ခံထွက်ကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို ဧည့်ခံကျွေးမွေးလှူဒါန်းရာ လာရောက်သုံးဆောင်ကြ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များအလိုက် ရေကစားမဏ္ဍပ်ငယ်များဆောက်လုပ်ကာ ပျော်ရွှင်စွာ ရေပက်ကစားသူများ၊ ရှေးဟောင်းသမိုင်းတန်ဖိုးကြီးဘုရားပုထိုးစေတီတော်များ၌ နှစ်သစ်ကူးသင်္ကြန်ကာလ တရားဘာဝနာပွားများ အားထုတ်သူများ၊ ဘုရားရေသပ္ပယ်ကုသိုလ်ယူသူများ၊ ဘုန်းတော်ကြီးကျောင်းများ၌ စတုဒိတာကျွေးမွေးလှူဒါန်းသူများဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ကို အသီးသီးကျင်းပကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)