ဇီးကုန်းမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲကျင်းပ၍ ပျော်ရွှင်စွာရေပက်ကစား

ဇီးကုန်း ဧပြီ ၁၄

၁၃၈၅ ခုနှစ်၊ (၂၀၂၄ ခုနှစ်) မြန်မာရိုးရာအတာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်၊ ရန်ကုန်-ပြည်ကားလမ်းရှိ ဗဟို မဏ္ဍပ်တွင် ယမန်နေ့ ညနေ ၄ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က နှစ်သစ်ကူးနှုတ် ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရပ်ကွက်အသီးသီးမှ လှပျိုဖြူလေးများက "မြူမှောင်ဝေကင်း" သီချင်းဖြင့် သီဆိုကပြကာ တပျော်တပါး ရေပက်ကစားကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ကပြဖျော်ဖြေသောယိမ်းအဖွဲ့များအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အများပြည်သူများ လာရောက်၍ ပျော်ရွှင်စွာရေပက်ကစားကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)