စစ်ကိုင်းမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်း ဧပြီ ၁၄

စစ်ကိုင်းမြို့တွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီက ဧရာဝတီကမ်းနားလမ်း(ဆက်သွယ်ရေးတာဝါတိုင်အနီး) မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ယိမ်းအကများအား သပြေခက်ဖြင့် ရေပက်ဖျန်းခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံကျော် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ၊ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များက အလှည့်ကျ သီဆိုဧည့်ခံဖျော်ဖြေပေးကြကာ သင်္ကြန်ချစ်သူပြည်သူများက ပျော်ရွှင်စွာ ရေကစားခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့ မဟာသင်္ကြန်ပွဲတော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ချစ်သူပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။

ဇော်မြင့်နိုင်