လွိုင်ကော် ဧပြီ ၁၄
ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှုး၍ ကျင်းပပြုလုပ်သော ၁၃၈၅ ခု၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက လွိုင်ကော်မြို့ရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က နှစ်သစ်ကူး နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး ကယားပြည်နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် မဟာသင်္ကြန်ဗဟိုမဏ္ဍာပ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ သင်္ကြန်ယိမ်းအဖွဲ့များ ဖွင့်ပွဲသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ အတာသင်္ကြန်ရေပက်ဖျန်းကာ နှစ်ဦးသင်္ကြန်ကိုကြိုဆိုခဲ့ကြပြီး ယိမ်းအဖွဲ့များ ကပြဖျော်ဖြေမှုနှင့် တေးသံရှင်များ၏သင်္ကြန်တေးသီချင်းများ၊ မြန်မာ့ဂီတနှင့် ခေတ်ပေါ်တေးဂီတများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအား အသီးသီးချီးမြှင့်ခဲ့ ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ယိမ်းအဖွဲ့များအား စတုဒီသာဖြင့် တည်ခင်းဧည့်ခံကျေးမွေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
လွိုင်ကော်မြို့၌ သင်္ကြန်ကာလအတွင်း ယိမ်းအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများ၊ စတုဒီသာ ကျွေးမွေးခြင်းများ၊ ရေကစားခြင်းများကို နေ့စဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)