ပေါင်းတည်မြို့၌ မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ပေါင်းတည် ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ သင်္ကြန်အကြိုနေ့ မွန်းလွဲ ၃ နာရီခွဲက စျေး(၂)ရပ်ကွက်၊ ဘုရားကြီးလမ်း၊ သိကျမုနိမိုဃ်းကောင်းဘုရားကြီးရှေ့ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ အဖွဲ့ဝင်များဖြစ်ကြသော အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေလွင်ဦး၊ အဖွဲ့ဝင်(၂) ဦးအေးကျော်၊ အဖွဲ့ဝင်(၃) ဦးဇော်ဝင်းနှင့် အတွင်းရေးမှူး ရဲမှူးမြင့်ဇော်နိုင်တို့က မြန်မာသက္ကရာဇ် ၁၃၈၅ ခု၊ မြန်မာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ဗဟိုမဏ္ဍပ်ရှေ့ရင်ပြင်တွင် ယိမ်းအဖွဲ့များက “မြနန္ဒာ”သီချင်းဖြင့် စုပေါင်း ကပြဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အောင်သပြေခက်များ​ဖြင့် အမွှေးနံ့သာရည်များ လိုက်လံဆွတ်ဖျန်းပေးကြသည်။

ယင်းနောက် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများအား မီးသတ်ဦးစီးဌာနက ရေပိုက်များဖြင့် ရေများပက်ဖျန်းပေးကာ ပေါင်းတည်မြို့နယ် ဗဟိုရေကစားမဏ္ဍပ်ကို တပျော်တပါး ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပေါင်းတည်)