ဘားအံ ဧပြီ ၁၄
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက် မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ အတာသင်္ကြန်အကြိုနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာတို့၏ နှစ်သစ် ကူးမဟာသင်္ကြန်ပွဲတော်သည် နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်သက်သက်မဟုတ်ဘဲ စည်းလုံးခြင်း၊ ညီညွှတ်ခြင်း၊ အကုသိုလ်အညစ်အကြေးများကို ဆေးကြောခြင်း၊ သက်ကြီးရွယ်အို များကို ပူဇော်ကန်တော့ခြင်း၊ ဥပုသ်၊ သီလဆောက်တည်ခြင်း၊ အလှူဒါနပြုခြင်း၊ တိရစ္ဆာန်များကို ဘေးမဲ့ပေးခြင်း စသည့်အဓိပ္ပယ်ရှိရှိဖြင့် သတ်သတ်မှတ်မှတ် ကျင်းပသောပွဲတော်လည်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ မိဘပြည်သူများ အတွက် နှစ်သစ်ကိုပျော်ရွှင်စွာဆင်နွှဲနိုင်စေရန် ယိမ်းအကအလှများ၊ ပျော်ပွဲရွှင်ပွဲများ၊ ရေကစား မဏ္ဍပ်များတွင် စတုဒိသာကျွေးမွေးခြင်းများ၊ လမ်းလျှောက်သင်္ကြန်များကို စည်ကားသိုက်မြိုက် စေရန် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အဘက်ဘက်မှပြည့်စုံအောင် စီစဉ်ဆောင်ရွက်ပေးထား ကြောင်း၊ နှစ်ဟောင်းမှအညစ်အကြေးများကို နှစ်သစ်တွင်မပါရှိရလေအောင် အတာရေဖြင့်ပက်ဖျန်း ဆေးကြောသန့်စင်ကာ နှစ်သစ်တွင် စိတ်သစ်လူသစ်ဖြင့် မိမိတို့၏ တစ်နေ့တာလုပ်ငန်းဆောင်တာ များကို ပျော်ရွှင်စွာဆောင်ရွက်နိုင်ကြပါစေကြောင်း နှစ်သစ်ကူးဆုတောင်းမေတ္တာ ပို့သ၍ နှစ်သစ်ကို ကြိုဆိုနှုတ်ခွန်းဆက်သသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် (ဘားအံမြို့) ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မဟာသင်္ကြန် ယိမ်းအကအဖွဲ့များက မြူမှောင်ဝေကင်း တေးသီချင်း ဖြင့် တွဲဖက်၍ စုပေါင်းကပြဖျော်ဖြေကြရာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက် လာကြသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ တပ်မတော်နှင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများက အမွှေးနံ့သာရည် အောင်သပြေခက် များဖြင့် အတာရေအေးပက်ဖျန်းကြကာ ပျော်ရွှင်စွာစုပေါင်းရေကစားခဲ့ကြသည်။
ယင်းနောက် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့်ကွပ်ကွဲရေးအဖွဲ့ ငြိမ်းချမ်းရေးရေကစားမဏ္ဍပ်ဖွင့်ပွဲကို ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့မှတာဝန်ရှိသူများက ငြိမ်းချမ်းရေးရေကစားမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး သင်္ကြန်ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေး၍ ယိမ်းအကလှပျိုဖြူများအား အတာရေအေးပက်ဖြန်း၍ ပျော်ရွှင်စွာရေကစားခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ကမ်းနားလမ်း (ဘားအံ-ထုံးအိုင်ကားလမ်းမကြီး) ခေမာလမ်းဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်မုခ်ဦး၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်္ကြန်ပွဲတော်သည် အချင်းချင်းစည်းလုံးညီညွှတ်ခြင်း၊ ကိုယ်ချင်းစာ တရားထားခြင်း၊ မေတ္တာတရားထားခြင်း၊ သာသနာအကျိုးသယ်ပိုးခြင်း၊ ဂါရဝတရားနှင့်ပြည့်စုံခြင်း၊ ဒါန၊ သီလ၊ ဘဝနာဖြင့် ကုသိုလ်ယူခြင်းစသည့် မြန်မာတို့၏ဓလေ့စရိုက်များကို ပြုလုပ်လေ့ရှိသကဲ့သို့ လာမည့်နှစ်သစ်တွင် စည်းလုံးညီညွှတ်သော ငြိမ်းချမ်းသော အေးချမ်းပျော်ရွှင်သော ကရင်ပြည်နယ် ကြီးအဖြစ်သို့ ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်းစကားပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်နှင့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများက လမ်းလျှောက်သင်္ကြန် အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လျှောက်လမ်းရေပန်းများ၊ ယပ်တောင်ပုံရေပန်းများ၊ လမ်းခုံး ရေပန်းများ၊ လောင်းလှေများ၊ ပုသိမ်ထီးနှင့် ပိတောက်ပန်းများဖြင့် ဝေဝေဆာဆာအလှဆင်ထားသော ပေ ၁၀၀၀ ကျော်ရှိ လမ်းလျှောက်သင်္ကြန်တွင် စတုဒိသာမဏ္ဍပ်(၃)ခုမှ တည်ခင်းဧည့်ခံသော စားဖွယ်များကို ဒေသခံပြည်သူများနှင့် အတူ တကွသုံးဆောင်၍ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)