ပန်းတောင်း ဧပြီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈:၃၀) အချိန်က ကျင်းပရာ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ စုစုပေါင်း (၁၇၀) ဦးတက်ရောက်ကြပြီး ပြည်သူများ စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ရေကစား လျက်ရှိကြောင်း သိရသည်။
အခမ်းအနားတွင် ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဦးအောင်သူရ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီနှင့် အဖွဲ့ဝင် များ၊ ကပစ (၉) စက်ရုံမှူး ဗိုလ်မှူးကြီး တင်မောင်ချို၊ တကစ(၃)ညောင်ခြေထောက်မှ ဒုဗိုလ်မှူးကြီး ဟန်လင်းစိုး၊ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲများက ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြပြီးတာဝန်ရှိသူများက သင်္ကြန်ယိမ်းအဖွဲ့များအား အတာရေပက်ဖြန်းပေး ခဲ့ရာ ယိမ်းအဖွဲ့ (၈) ဖွဲ့တို့မှ ကပြဖျော်ဖြေခဲ့ကြသည်။ထိုသို့ ကပြဖျော်ဖြေပေးသည့် ယိမ်းအဖွဲ့(၈)ဖွဲ့အား ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှိုင်တင့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဦးအောင်သူရ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ညီနှင့်အဖွဲ့ဝင်များ၊ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းလွင်တို့မှ ဂုဏ်ပြုဆုတော်ငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။
အဆိုပါရေကစားမဏ္ဍပ်တွင် ပျော်ရွှင်စွာရေကစားကြသူများ၊ ရေပက်ခံကားများ၊ လမ်းလျှောက်ရေပက်ခံထွက်သူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများအပြင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများဖြင့်စည်ကားသိုက်မြိုက်လျက်ရှိပြီး ယိမ်းအဖွဲ့များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။ ထို့သို့ပန်းတောင်းမြို့နယ်အတွင်းရှိ ပြည်သူများအေးချမ်းပျော်ရွှင်စွာ မဟာသင်္ကြန်ပွဲတော်ဆင်နွှဲနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)