ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းမည်ဖြစ်ရာ အဆိုပါ သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် (၇)နာရီခွဲအချိန်က အမှတ်(၁)ရက်ကွက်၊ ကမ်းနားလမ်းရှိ ကမ်းသာယာ“View Point”တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်မိန့်ခွန်းအား ပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲနိုင်လွင်က “မြူမှောင်ဝေကင်း”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် တိုက်နယ်အသီးသီးတို့မှ ယိမ်းအဖွဲ့များက “မြနန္ဒာ”သီချင်းဖြင့် သီဆိုကပြကာ ဖွင့်လှစ်ပေးခဲ့ကြပြီး ဧည့်ပရိတ်သတ်များ၊ ရေကစားကြသူများအား စတုဒိသာများဖြင့် ဧည့်ခံခဲ့ကြသည်။

အလားတူ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကတိုက်နယ်တွင်လည်း တိုက်နယ်ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများက တက်‌ရောက်ခဲ့ကြပြီး တိုက်နယ်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က မြန်မာ့ရိုးရာမဟာသင်္ကြန်မိန့်ခွန်းအား ပြောကြားခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက “မြနန္ဒာ”သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ အဆိုပါ မဏ္ဍပ်တွင် လာရောက်ရေကစားသူများအား စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြပြီး ရေကစားကြသူများဖြင့် စည်ကားလျက်ရှိ‌ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)