သာပေါင်း ဧပြီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးဟောပြောပွဲများကို ကျေးရွာအုပ်စုများအရောက် စဉ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ကစတင်၍ ရုံးပင်ကျေးရွာအုပ်စု၊ တစ္ဆေချောင်းကျေးရွာ၊ ဓမ္မသုခသိဒ္ဓိကျောင်းတိုက်ဓမ္မာရုံ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ မရမ်းကုန်းကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကြွက်ကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ နိုင်ငံတော်အတွင်းမှာရှိသော တိုင်းရင်းသားအားလုံး ပြည်သူ့စစ်မှုထမ်းရန် တာဝန်ရှိကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရန် နိုင်ငံသားတိုင်းမှာ တာဝန်ရှိကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ တရားမဝင်မီဒီယာများ၏ Online ပေါ်တွင် ကောလာဟလ လုပ်ကြံသတင်းများ လှုံ့ဆော်နေသကဲ့သို့ စိုးရိမ်ကြောင့်ကြမှု မဖြစ်စေလိုကြောင်း၊ အကျုံးဝင်သူတွေကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ချင်းလက်ငင်း အကျုံးဝင်သူအားလုံး ခေါ်ယူမည်မဟုတ်ပါကြောင်းဖြင့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ အချက်အလက်များအား အသေးစိတ်ရှင်းလင်းဆွေးနွေး ဟောပြောပြီး ပြည်သူများမှ သိလိုသည်များ မေးမြန်းကြရာ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း