ဒေးဒရဲမြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဧပြီ ၁၃

ဧရာဝတီတိုင်း​​ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၌  ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒေးဒရဲမြို့နယ် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးမျိုးကျော်ကျော်က  ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃၈၅)ခုနှစ် မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဗဟိုမဏ္ဍပ်တည်ဆောက်နေမှုနှင့်ပတ်သက်၍ လုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်ပြီးစီးနိုင်ရေး၊ ဗဟိုမဏ္ဍပ်သို့ လာရောက်ကြမည့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ရေပက်ခံလာရောက်ကြမည့် ပြည်သူများအား မလိုလားအပ်သည့် ပြသနာဖြစ်ပွားမှုမျိုး တစ်စုံတရာမျှမရှိစေရန်နှင့် ပြည်သူများ သင်္ကြန်ပွဲတော်ရက်များအတွင်း အန္တရာယ်ကင်းရှင်းစွာဖြင့် ပျော်ရွှင်နိုင်စေရန် ဆောင်ရွက်ထားရှိရေးတို့နှင့်ပတ်သက်၍လည်းကောင်း၊ ဧည့်ခံကျွေးမွေးရေးနှင့် မှတ်တမ်းတင်ထားရှိရေး၊ သင်္ကြန်ပွဲတော်ရက်များတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအကအလှအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များအား စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာကော်မတီအဖွဲ့ဝင်များမှ မိမိတို့၏ ကော်မတီအလိုက် ဆောင်ရွက်ထားရှိအား အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။  

ထို့နောက် မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီ အဖွဲ့ဝင်များနှင့် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများက သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မိမိတို့ သက်ဆိုင်ရာ ကော်မတီများ၏ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေးနွေးအကြံပြုတင်ပြကြရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် (၁၃၈၅) ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ ဌာနများပူးပေါင်း၍ ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် စတုဒိသာကျွေးမွေးခြင်းလုပ်ငန်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း