ကံမ ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧပြီ(၁၀)ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာ (၁၀)ရွာ၌ လူနေအိမ် (၂)လုံးပြိုလဲခြင်းနှင့် လူနေအိမ် (၄၁)လုံးတို့မှာ အမိုးလန်ပျက်စီးခဲ့သည့်အတွက် လေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ်(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးက ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးစည်သူလွင်က ဆန်ရိက္ခာဖိုးငွေနှင့် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ကံမမြို့နယ်အတွင်းရှိ လေဘေးသင့်အိမ်ထောင်စု (၄၃)စုအတွက် ထောက်ပံ့ငွေ (၁၃၂၄၄၀၀)ကျပ်နှင့် နေအိမ်ပြိုလဲသည့် အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါရှိသည့် ပလပ်စတစ်ပုံး (၂)ပုံးတို့အား တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)