ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်း၍ သင်္ကြန်အကြိုနေ့ ကုသိုလ်ပြု စတုဒိတာ ကျွေးမွေးလှူဒါန်း

ပွင့်ဖြူ  ဧပြီ  ၁၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ ကုသိုလ်ပြု စတုဒိသာအဖြစ် မြန်မာ့ရိုးရာအစားအစာ မုန့်လုံးရေပေါ်နှင့် အခြားစားသောက်ဖွယ်ရာများကို ကျွေးမွေးလှူဒါန်းရာ လာရောက်စားသုံးကြသည့် ဒေသခံပြည်သူများ၊ ခရီးသွားပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်ထည့်သွင်းကျင်းပနိုင်ခြင်းမရှိသော်လည်း ဒေသခံပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရန်အတွက် မြို့နယ်မီးသတ်ရုံးအနီးတွင် မြို့နယ်သင်္ကြန်ရေကစားမဏ္ဍပ်နှင့် ဌာနဆိုင်ရာ စုပေါင်းစတုဒိသာမဏ္ဍပ်များ ဆောက်လုပ်ထားရှိပေးကြောင်း သိရကာ ယနေ့နံနက်ပိုင်းက မြန်မာ့ရိုးရာအတာသင်္ကြန်အကြိုနေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်းအဖွဲ့က မုန့်လုံးရေပေါ်နှင့် အခြားသော စားသောက်ဖွယ်ရာများကို မြို့တွင်းရေပက်ခံထွက်ကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများကို လိုက်လံဝေငှ ကျွေးမွေးလှူဒါန်းရာ လာရောက်သုံးဆောင်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များနှင့် အညာကျေးလက်ဒေသများရှိ ဘုရားကျောင်းကန်များ၌ နှစ်သစ်ကူးသင်္ကြန်ကာလ တရားဘာဝနာ ပွားများအားထုတ်ကြသူများ၊ စတုဒီတာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိသကဲ့သို့ ပွင့်ဖြူမြို့အနီးရှိ မုန်းချောင်းတွင်လည်း အပူဒဏ်ကာကွယ်သည့်အနေဖြင့် လာရောက်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)