စလင်း ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စည်ပင်သာယာစျေးအပြင်တွင် မြန်မာသက္ကရာဇ် ၁၃၈၅-၁၃၈၆ ခုနှစ် မြန်မာလူမျိုးတို့၏ မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်ကာလအတွင်း ဓလေ့ထုံးတမ်းအစဥ်အလာနှင့်အညီ နှစ်ဟောင်းကုန်၍ နှစ်သစ်အကြို အတာသင်္ကြန်အိုးများ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ အတာသင်္ကြန်အိုး မြေအိုးများကို ဆင်ဖြူကျွန်းမြို့မှထွက်ရှိပြီး မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ရင်းဖြင့် အိုးအငယ်စားများကို ကိုယ်တိုင်လုပ်ကိုင်၍ ဘုရားပန်းညောင်ရေအိုး အကြီး၊ အလတ်၊ အသေး၊ စုဘူး၊ မြေပန်းဂံ၊ ရေအိုးဖုံး၊ ဆားပုတ်အိုး၊ အတာသင်္ကြန်ရေအိုးအမျိုးမျိုးတို့နှင့် ကလေးကစားစရာ အိုးပုတ်အမျိုးမျိုး ဆိုက်စုံ ပြုလုပ်ရောင်းချလျက်ရှိပြီး မိုးကုတ်ရိပ်သာလမ်း၊ ကြည်စုရပ်နှင့် သုံးပင်တောင်ပိုးတန်းရပ်ကွက်တို့ရှိ မိသားစုအနည်းငယ်သာ မိသားစုဖိုးဖွားအမွေအနှစ် လုပ်ငန်းအဖြစ် လက်ဆင့်ကမ်းလုပ်ကိုင်ကြကြောင်း သင်္ကြန်ကာလရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဥ်ကျေးမှု အတာသင်္ကြန်အိုးများကို အိမ်တိုင်းဝယ်ယူကြသည့်ဓလေ့ရှိ၍ သင်္ကြန်မရောက်မီတစ်ရက်၊ နှစ်ရက်အလိုမှစ၍ အတာအိုးပန်းအိုးများကို ရေဆေးသန့်စင်၍ သင်္ကြန်အတာအိုးအဖြစ် သပြေပန်း၊ အုန်းညွန့်၊ တမာပန်း၊ မြေဇာမြက်တို့ကိုထည့်၍ နှစ်သစ်အတာကို ကြိုဆိုလေ့ရှိပြီး အတာအိုးတစ်လုံးကို အရွယ်အစားအလိုက် ၁၀၀၀ ကျပ်မှ ၂၀၀၀ ကျပ်နှင့် ညောင်ရေအိုးငယ်များကို ၃၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၈၀၀ ကျပ် အရွယ်အစားအလိုက် စျေးနှုန်းများသတ်မှတ် ရောင်းချရကြောင်းကို ဆင်ဖြူကျွန်းမြို့၊ မိုးကုတ်ရိပ်သာလမ်း၊ ကြည်စုရပ် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်ရောင်းချသူ မကြည်ကြည်ထံမှ သိရသည်။
မောင်လွင်(စလင်း)