နတ်မောက် ဧပြီ ၁၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် မဟာသင်္ကြန်အကြိုနေ့ ယနေ့ နံနက်ပိုင်းတွင် ဈေးရောင်းဈေးဝယ်သူများဖြင့် ကြိတ်ကြိတ်တိုးစည်းကားလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလ၌ မြို့မဈေးကြီးတွင် ကျေးလက်တောရွာများမှ ဈေးကားများက ထွက်လေ့မရှိသောကြောင့် ခုလိုသင်္ကြန်အကြိုနေ့မှာ စားသောက်ဖွယ်ရာများ ကြိုတင်ဝယ်ယူကြခြင်း၊ အလှူအတန်းပြုလုပ်ရန် ဝယ်ယူသူ/ ရောင်းချသူများ တိုးမပေါက်အောင် ကြိတ်ကြိတ်တိုး စည်းကားလျက်ရှိကြောင်း သိရသည်။
နှစ်သစ်ကူး မဟာသင်္ကြန်ကာလမှာ ကျေးလက်နေပြည်သူများက အလှူအတန်းနှင့် ဥပုတ်သီလဆောက်တည်ရန်အတွက် လှူဖွယ်ပစ္စည်းများဝယ်ယူခြင်း၊ မြတ်စွာဘုရားရှင်အား ကပ်လှူရန် ငှက်ပျောသီး၊ အုန်းသီး၊ ပန်းများဝယ်ယူခြင်း၊ လူငယ်များ စုပေါင်း၍ ကုသိုလ်ပြုလုပ်ရန် လိုအပ်သည့် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့် သင်္ကြန်ကာလအတွင်း မီးဖိုချောင်သုံးပစ္စည်းများဝယ်ယူခြင်းကြောင့် ယခုကဲ့သို့ စည်ကားနေခြင်းဖြစ်ကြောင်း၊ နှစ်ဟောင်းကိုပစ်၍ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် သင်္ကြန်အတာအိုးနှင့် အတာပန်းကိုလည်း ယခုရက်များတွင် ရောင်းကြကြောင်း၊ အတာပန်းတွင် သပြေ၊ အုန်းညွန့်၊ ဒန်းညွန့်၊ သီးညွန့်၊ တမာညွန့်၊ မေမြို့ပန်း၊ မြေဇာမြက်ပင်လေးပါကြောင်း၊ အတာပန်းတစ်စီးကို (၅၀၀)ကျပ် ဝယ်ယူရပြီး အတာအိုးတစ်လုံးကို ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိရှိကြောင်း ဈေးဝယ်လာသူ ဒေါ်တင်မိုးခိုင်က ပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း