ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ဖွင့်လှစ်

ကြို့ပင်ကောက် ဧပြီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကြို့ပင်ကောက်မြို့ ပြည်သူ့အားကစားကွင်းရှေ့ ဗဟိုမဏ္ဍပ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

မဟာအတာသင်္ကြန်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက  မြို့နယ်အတွင်း၌ရှိသော ပြည်သူများအနေဖြင့် နှစ်သစ်ကူးမဟာအတာသင်္ကြန်ပွဲတော်တွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းစကားပြောကြား၍ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက "မြူ‌မှောင်ဝေကင်း" သီချင်းအားသီဆို၍ ယိမ်းအဖွဲ့ ၈ ဖွဲ့က အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ကာ သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ပြီး လာရောက်ရေကစားကြသော ဒေသခံပြည်သူများကို စတုဒီသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။

ကြို့ပင်ကောက်မြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၈ ခုနှင့် အဆိုတော်များ၏ အကများအပြင် တီးဝိုင်းဖြင့် တေးသီချင်းများကိုလည်း နေ့စဉ်တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)