ဟားခါး ဧပြီ ၁၃
ချင်းပြည်နယ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်စီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၏ ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဥပဒေအမှတ် ( ၂၇/၂၀၂၄ ) ဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် အတည်ပြု ပြဌာန်း ပြီးဖြစ်ပါကြောင်း၊ အဆိုပါဥပဒေတွင် ချင်းပြည်နယ်၏ ဂျီဒီပီတိုးတက်မှုကို ပုံမှန်စျေးနှုန်းများအရ သုည ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားပါကြောင်း၊ ယခုနှစ်တွင် ပြည်သူများကို တိုက်ရိုက်အကျိုးရှိစေသည့် ကျေးလက်ဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း ၊ နတလနယ်စပ်လမ်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့ပြလမ်း၊ ပြည်ထောင်စုလမ်းနှင့် ပြည်နယ်လမ်းများဆောင်ရွက်ရန် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေ၏ ၅၇ ဒသမ ၆၆ ရာခိုင်နှုန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးအတွက် ၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် မြို့ပြနှင့်ကျေးလက်မီးရရှိရေးအတွက် ၇ ဒသမ ၈ ရာခိုင်နှုန်း ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း ၊ သက်ဆိုင်ရာဌာနများအနေဖြင့် တင်ဒါအောင်ကုမ္ပဏီများကို စနစ်တကျ ကြီးကြပ်ရန် လိုအပ်သကဲ့သို့ ဌာနအကြီးအကဲကိုယ်တိုင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများကလည်း မပြတ်ကြီးကြပ်ရန်လိုကြောင်းနှင့် ယနေ့အခမ်းအနားတွင် ပေးအပ်သည့် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မီကျော်လွန်ရေးအတွက် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ ၊ ခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များက စနစ်တကျ စီမံချက်ရေးဆွဲ၍ တွန်းအားပေး ဆောင်ရွက်ကြရမည်ဖြစ် ကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပြည်နယ်စီမံကိန်းကော်မရှင် ဥက္ကဋ္ဌ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်စီမံကိန်း ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ တာဝန်ပေးအပ်ကြပြီး အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)