အင်းတော်မြို့ နွေရာသီ ပန်းချီ အခြေခံရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

 

အင်းတော် ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သော အခြေခံပညာမူလတန်း၊ အလယ်တန်းအဆင့် အခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အင်းတော်မြို့ ဘုန်းတော်ကြီးကျောင်း စိန်ရတနာဓမ္မာရုံတွင်  ကျင်းပ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အင်းတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က အဖွင့်အမှာစကားပြောကြားခဲ့ရာ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီအခြေခံရေးဆွဲနည်းကို စနစ်တကျလေ့ကျင့်နိုင်စေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ပန်းချီပညာရပ် စိတ်ဝင်စားစွာလေ့လာနိုင်စေရန်၊ သင်တန်းမှ သင်ကြားပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကို စဉ်ဆက်မပြတ်လေ့လာသွားကြရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန် လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သီဟက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြေားကြားပြီး အခြေခံပန်းချီသင်တန်းနည်းပြဆရာ ဦးဘိုဘိုအောင်က ပန်းချီ သင်တန်းအတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲတွင် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူ မရည်လင်းထက်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အင်းတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က သင်တန်းနည်းပြဆရာ ဦးဘိုဘိုအောင်အား ဂုဏ်ပြုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိကြသည့် သင်တန်းသား/ သင်တန်းသူများကို ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ(အင်းတော်)