ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးမှ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဘားအံ ဧပြီ ၁၃

ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ဈေးကွက်တင်ပို့ရောင်းချနိုင်ရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံမွေးမြူရေးဇုန်နှင့် မိဇံမွေးမြူရေးဇုန်ရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမွေးမြူရေးဇုန် ရှင်လင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က ဘားအံမွေးမြူရေးဇုန်ဖော်ထုတ်မှုအခြေအနေ၊ မြေဧရိယာ (၁၃၇ ဒဿမ ၄၆ )ဧကပေါ်တွင် လုပ်ငန်းရှင် ၈၉ ဦးမှ နွား၊ ဝက်၊ ဆိတ်၊ ကြက် အစရှိသော တိရစ္ဆာန်များ မွေးမြူထားရှိမှုအခြေအနေ၊ နှစ်အလိုက်တိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်မျိုးကျော်လွင်က ဇီဝလုံခြုံမှုနှင့် ကူးစက်ရောဂါထိန်းချုပ်မှုအခြေအနေ၊ စိုက်ပျိုးရိတ်သိမ်းကျွေးမွေးသည့် စနစ်ကျင့်သုံးနိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ဇုန်ကော်မတီဥက္ကဋ္ဌက တိရစ္ဆာန်အစာဈေးနှုန်းတည်ငြိမ်ရေး၊ မွေးမြူရေးချေးငွေရရှိနိုင်ရေး တင်ပြဆွေးနွေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မွေးမြူရေးတောင်သူများအား တစ်ဦးချင်းစီ၏ လိုအပ်ချက်များ၊ အခက်အခဲများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးစေပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဇုန်အတွင်း ဆိတ်သားခြောက်၊ ဝက်အူချောင်းကဲ့သို့သော MSME လုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် မွေးမြူရေးထုတ်ကုန်များအား တန်ဖိုးမြင့်ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးတောင်သူဦးကျော်မြင့်၏ နွား ၄၁  ကောင် မွေးမြူရေးခြံ၊ တောင်သူဦးသိန်းမြင့်၏ ဆိတ် ၁၅၀ ကောင် မွေးမြူရေးခြံ၊ တောင်သူဦးစောအဖြူ၏ ဥစားကြက် ၂၀၀၀ ကောင် မွေးမြူရေးခြံတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံစက်မှုဇုန်အနောက်ဘက်ရှိ မိဇံမွေးမြူရေးဇုန်သို့ရောက်ရှိပြီး ရှင်းလင်းဆောင်၌ မွေးမြူရေးတောင်သူများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက (၄၉ ဒဿမ ၀၇) ဧက ကျယ်ဝန်းသော ဝက်မွေးမြူရေးဇုန်နှင့် (၄၉ ဒဿမ ၃၁) ဧက ကျယ်ဝန်းသော ဆိတ်မွေးမြူရေးဇုန်တို့တွင် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး မွေးမြူရေးတောင်သူများက မွေးမြူရေးဆိုင်ရာ ကြုံတွေ့နေရသည့်အခြေအနေနှင့် ဈေးကွက်ရရှိမှုအခြေအနေများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးသိုက်ဦး၏ မွေးမြူရေးနှင့်စိုက်ပျိုးရေးသုံး စွန့်ပစ်ပစ္စည်းများအသုံးပြု၍ သဘာဝဇီဝမြေဩဇာစက်ရုံ၊ တောင်သူဦးနေတိုး၏ အသားတိုးတက် (၁၂၀)ကောင် မွေးမြူရေးခြံနှင့် တောင်သူဦးသန့်စင်စိုး၏ အသားတိုးဝက် (၁၀၀)ကောင်မွေးမြူရေးခြံတို့အား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)