စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မုံရွာ ဧပြီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီသည် တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများကို ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေနှင့်အညီ ကြီးကြပ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်လုပ်ငန်းများကို လိုင်စင်ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်စေရန် လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်စေရန်၊ ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မုံရွာမြို့၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပရာ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းဒေသကြီးကြီးကြပ်ရေးကော်မတီဝင် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပုဂ္ဂလိကဆေးရုံ/ ဆေးခန်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂလိကကျန်းမာရေးဆိုင်ရာဥပဒေနှင့်အညီ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းအား  ကြီးကြပ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်လုပ်ငန်းများကို လိုင်စင်ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေးထိန်းသိမ်းမြှင့်တင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်စေရန် လမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအနေဖြင့် အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်စေရန်၊ ရောဂါကာကွယ်ရေး၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်တွဲဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပါ စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာကျင့်သုံးစေရန် ရည်ရွယ်၍ ယခုအစည်းအဝေးကို ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြင့်ကျော် (တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး) က ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေပါပြဌာန်းချက်များနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ တာဝန်ရှိသူများက  လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)