မုံရွာ ဧပြီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ အင်္ဂလိပ်စာ (Grammar)သင်တန်းနှင့် အခြေခံကွန်ပျူတာသင်တန်းများဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ မိဘများနှင့် သင်တန်းတက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်က တိုင်းဒေသကြီးအစိုးရအနေဖြင့် ကျောင်းတွင်းပညာရေးကဏ္ဍကို မြှင့်တင်ပေးနေသကဲ့သို့ ကျောင်းများပိတ်ချိန် ယခုလိုနွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအတွက် အကျိုးဖြစ်ထွန်းစေမည့် အင်္ဂလိပ်စာ(Grammar)သင်တန်းအပါအဝင် အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီသင်တန်းတို့ကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့လို့ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များအတွက် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါကြောင်း၊ ထို့အပြင် အခြေခံကွန်ပျူတာသင်တန်းများလည်း အပတ်စဉ် ဖွင့်လှစ်ပို့ချနိုင်ခဲ့လို့ ဒေသတွင်းလူငယ်လေးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးပေးနိုင်သည့်အတွက် များစွာ ဝမ်းမြောက်ရကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး ဝန်ကြီးချုပ်က နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေးကဏ္ဍကို တိုးတက်မြင့်မားလာအောင် ဘက်ပေါင်းစုံက မြှင့်တင်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်စေရေး အခြေခံပညာအဆင့်တွင် အခမဲ့ပညာရေးနှင့် လက်လှမ်းတမီ သင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးနေကြောင်း၊ လူငယ်များသည် နိုင်ငံ၏အနာဂါတ်ဖြစ်သကဲ့သို့ ပညာရေးသည်လည်း နိုင်ငံ၏အနာဂါတ်ဖြစ်သည့်အတွက် ပညာတတ်လူငယ်များဖြစ်လာအောင်၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်အောင်၊ အချိန်မတိုင်မီ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ရခြင်းမရှိအောင်၊ တန်းစဉ်ကူးပြောင်းမှုတွင်အရေအတွက်သာမက အရည်အချင်းပါ လျော့နည်းမသွားအောင် အားလုံးက ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအတွင်း နွေရာသီသင်တန်းများ ဖွင့်လှစ်ပို့ချပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ နည်းပြများ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နွေရာသီ သင်တန်းများဖွင့်လှစ်နိုင်ရေး နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် အခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ အင်္ဂလိပ်စာ (Grammar)သင်တန်းတို့တွင် သင်တန်းအလိုက် ထူးချွန်ဆုရရှိကြသူများအား ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းလက်မှတ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးကလည်းကောင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကို တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်းကလည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ မခင်ဖြူဝေကျော်နှင့် အင်္ဂလိပ်စာ (Grammar)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ မအိကြာဖြူတို့က ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ ဆုရ ကျောင်းသား၊ ကျောင်းသူများ၊ ကွန်ပျူတာ သင်တန်းသား၊ သင်တန်းသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများကို တိုင်းဒေသကြီးအတွင်း မုံရွာခရိုင်အပါအဝင် ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း (၁၇) ရုံးတို့တွင် ကွန်ပျူတာပန်းချီသင်တန်း ၂ ကြိမ်၊ အခြေခံပန်းချီသင်တန်း ၁၅ ကြိမ်၊ အင်္ဂလိပ်စာ (Grammar)သင်တန်း ၈ ကြိမ်၊ အပတ်စဉ်ဖွင့်လှစ်လျက်ရှိသော အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) ၆ ကြိမ်၊ စုစုပေါင်းသင်တန်း ၃၁ ကြိမ်ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်းအလိုက် သင်တန်းသား သင်တန်းသူ (၁၂၀၈)ဦး တက်ရောက်သင်ယူခဲ့ကြကြောင်း သိရှိရပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း အဆိုပါသင်တန်းများကို ဆက်လက်ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)