လွိုင်ကော်မြို့၌ ပြည်သူစစ်(ဌာနေ)အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

လွိုင်ကော် ဧပြီ ၁၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ပြည်သူ့စစ်(ဌာနေ) အခြေခံစစ်ပညာသင်တန်း (၂/၂၀၂၄)(ပစ်ခတ်စဉ်ပါ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းကာလအား စည်းကမ်းစနစ်တကျဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊  ပြည်သူ့လုံခြုံရေးဆောင်ရွက်ကြရာတွင် စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်း၊ ဥပဒေအား လေးစားလိုက်နာသူများဖြစ်ရန် ကြိုးစားနေထိုင်ကြရန် မှာကြားလိုကြောင်း၊ မိမိရပ်ရွာပြည်သူ့အကျိုးအတွက် မိမိဆန္ဒအလျောက် ပြည်သူ့လုံခြုံရေး ဆောင်ရွက်ကြမည့်သူများဖြစ်သည့်အတွက် ပေးအပ်လာသည့် လုပ်ငန်းတာဝန်များအပေါ် လေးစားဂုဏ်ယူပြီး တာဝန်ကျေပွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ဆက်လက်ဖြည့်ဆည်းထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် ဒေသကွပ်ကဲရေးမှူး၊ ဗိုလ်မှူးကြီးအောင်ကျော်ခိုင်မှ သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် တာဝန်များထမ်းဆောင်ကြရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူပူးပေါင်း၍ ကိုယ့်ရပ်ရွာကို ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းကာလအတွင်း စံပြသင်တန်းသားဆု၊ သေနတ်ပစ်အကောင်းဆုံးဆုနှင့် အကြိုးစားဆုံးဆုရရှိသူ သင်တန်းသား(၃)ဦးနှင့် သင်တန်းသူ(၁)ဦးတို့အား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ရာ ဆုရရှိသည့် သင်တန်းသား/သူများက လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသည့် ဧည့်သည်တော်များ ၊ သင်တန်းနည်းပြများ ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)