ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော ယဉ်ကျေးလိမ္မာ သင်တန်းဆင်းပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၊ နည်းပြ ဆရာ၊ ဆရာမများ တတ်ရောက်ခဲ့ကြသည်။

ဦးစွာ တက်ရောက်လာသူများက အခမ်းအနားအား “နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကအကျင့်စာရိတ္တ ကောင်းသူသည် လူကောင်းတစ်ယောက်ဖြစ်၍ နိုင်ငံနှင့်လူမျိုးအတွက် အားကိုးအားထားရပြီး အကျင့်စာရိတ္တယို့ယွင်းနေသူသည် လူဆိုးလူမိုက်ဖြစ်၍ အများပြည်သူအား အနှောက်အယှက် ပေးပြီး နိုင်ငံတော်နှင့်လူမျိုးကိုလည်း အန္တရာယ်ပြုစေနိုင်သူ ဖြစ်ပါကြောင်း၊ “ယနေ့လူငယ်၊ နောင်ဝယ်လူကြီးဟူသောဆိုရိုးစကားအတိုင်း လူငယ်များသည် နောင်အနာဂတ်ကာလ၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာမည်ဖြစ်သောကြောင့် ယဉ်ကျေးမှုနှင့် ပြည့်စုံရန် အထူးလိုအပ်ပါကြောင်း၊ အကျင့်စာရိတ္တ ယဉ်ကျေးမှုနှင့်ပြည့်စုံရန် ငါးပါးသီလ၊ သုစရိုက်တရားဆယ်ပါး၊ မင်္ဂလာတရား (၃၈)ပါး၊ သိင်္ဂါလောဝါဒသုတ်လာ သားသမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ် စသည်များကို သိရှိနားလည်ပြီး ကျင့်သုံးရန်လည်းလိုအပ်ပါကြောင်း၊ အဆိုပါတရားများသည် မြန်မာလူမျိုးတို့အတွက် လိုက်နာရမည့် ကိုယ်ကျင့်စာရိတ္တ ယဉ်ကျေးမှုများ ဖြစ်ပါကြောင်း၊ သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနကလည်း နှစ်စဉ်မေလတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုစာမေးပွဲများ ကျင်းပပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ယဉ်ကျေးလိမ္မာသင်တန်း ပြီးဆုံးအောင်မြင်ခဲ့သော သင်တန်းသားများ အနေဖြင့် သဒ္ဓါတရားအပေါ် အခြေခံကာ တစ်ဆင့်တက်၍ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုစာမေးပွဲကို ဖြေဆိုနိုင်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းပြောကြား လိုပါကြောင်းနှင့် သင်တန်းပြီးဆုံးသည်အထိ သင်ကြားပြသပေးသည့် သင်တန်းနည်းပြဆရာများနှင့် သင်ယူလေ့လာမှတ်သားကြသည့် သင်တန်းသား၊ သင်တန်းသူ များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းသင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ပြီးနောက် သင်တန်းတွင် အထူးအောင်မြင်သူ(၃)ဦးအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တတိယဆု၊ ဒုတိယဆုနှင့်ပထမဆု ရရှိသော သင်တန်းသူများနှင့် သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ၊ သင်တန်းသား၊ သင်တန်းသူများသည် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

အဆိုပါ သင်တန်းအား ယခုလ(၅)ရက်နေ့မှ(၁၁)ရက်နေ့ထိ တစ်ပတ်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၂၅၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)