ရေဖြူ ဧပြီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် အလွန်ပူပြင်းသောနွေရာသီအချိန်အခါဖြစ်၍ ပြည်သူများမီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များနှင့် (191) Stickerများ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက် ၈နာရီက ရေဖြူမြို့အဝင်တံတား၊ ရပ်ကွက်များရှိနေအိမ်များ အထွက်စစ်ဆေးရေးဂိတ်နှင့် လူစည်းကားရာ မြို့မဈေးရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကိုမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရေဖြူမြို့အတွင်းရှိ မိဘပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များမှ ကြိုတင်ကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်တစ်ခုခုဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ်၊ 191 ပါရှိသည့် Sticker များနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခတ္တာ