အထက်မင်းလှ ဧပြီ ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဌာနတို့ပူးပေါင်း၍ မျိုးစက်ပွားကျန်းမာရေးနှင့် ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်များအကြောင်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တောင်ရပ်ကွက်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဇင်မာဝင်းက ကိုယ်ဝန်ဆောင်များနှင့် ၎င်းတို့၏ ခင်ပွန်းများအား အန္တရာယ်ရှိသောကိုယ်ဝန်နှင့်ပတ်သက်၍လည်းကောင်း၊ ကလေးမွေးဖွားရန် ကြိုတင်ပြင်ဆင်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများတွင်မွေးဖွားရန်၊ မွေးဖွားပြီးမိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးခြင်းနှင့် သားဆက်ခြားခြင်းအကြောင်း အသိပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေး ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်း၏ အကျိုးဆက်များ၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးများသုံးစွဲခြင်း၏ ဘေးအန္တရာယ်တို့ကို အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျန်းမာရေးဆရာမများက ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင် (၁၆) ဦးအား တစ်ဦးလျှင် ကြက်ဥ (၁၀)လုံး၊ ငှက်ပျော (၁) ဖီး၊ ကိုယ်ဝန်ဆောင်အား ဆေးများကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)