မင်းလှမြို့တွင် နွေစပါးလျာထားချက် (၁၂၈၉၄)ဧက စိုက်ပျိုးပြီးစီး

မင်းလှ ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးခြင်း လျာထားချက်ဧက(၁၂၈၉၄)ဧကရှိရာ ဆည်ရေ၊ တမံပိတ်၊ ရေတံခါး၊ အင်းရေတင်တို့မှ ရရှိသော စိုက်ပျိုးရေဖြင့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မင်းလှမြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း(၅၆)အုပ်စု၊ ကျေးရွာပေါင်း(၂၄၇)ရွာတို့၌ ၂၀၂၄ ခုနှစ် နွေစပါးကို ဇန်နဝါရီလ(၁၅)က စတင်စိုက်ပျိုးခဲ့ရာ ရတနာတိုးစပါး(၅၁၈၀)ဧက၊ ရက်ကိုးဆယ်စပါး(၄၆၇၂) ဧက၊ ထိုင်းနှံကောက်(၃၀၂၄)ဧက၊ ရေအနည်းလို-၇(၁၀)ဧက၊ YSR-1 (၇)ဧက၊ YMR-20(၁)ဧက စုစုပေါင်း(၁၂၈၉၄)ဧကအား Seeder ၊ ပျိုးထောင်၊ ပေါင်းပျိုး၊ ရိုးရိုးပျိုး၊ ကောက်စိုက်စက် စသည့်စိုက်နည်းစနစ်များဖြင့် စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ နွေစပါးစိုက်တောင်သူများ တစ်ဧကစပါးတင်း(၁၀၀)ကျော် အထွက်နှုန်းရရှိစေရန်အတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုး‌ရေအဆက်မပြတ်ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ပေါက်စ(မင်းလှ)