အုတ်တွင်း ဧပြီ ၁၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့စည်ပင်သာယာဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ဈေးကြီးရှေ့၌ မီးငြှိမ်းသတ်မှုလက်တွေ့ သရုပ်ပြသခြင်းနှင့် ဈေးသူဈေးသားများအား ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဈေးတာဝန်ခံ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး၊ မြို့လျှပ်စစ်မှူး၊ ဈေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ ဈေးသူဈေးသားများအား စနစ်တကျ ရောင်းဝယ်ဖောက်ကားမှု ရှိမရှိ ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးမီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ဈေးသူဈေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြသည်။
အဆိုပါမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မြင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိသတိရှိစေရေး၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရေး အသိပညာပေးရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားခဲ့ပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်း၊ မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖျန်းငြှိမ်းသတ်ခြင်းများနှင့် မီးသတ်ရေကန်အား ရေဖြည့်တင်းခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူဈေးသားများ ပါဝင်သရုပ်ပြသသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းဥပဒေ သိကောင်းစရာ လက်ကမ်းစာစောင်များကို ဈေးသူဈေးသားများအား ဖြန့်ဝေခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)